လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

လိပ်သို  စက်တင်ဘာ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှုတစ်ရပ်အနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့်စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေနေ့လယ်(၁၂) နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွား ရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်ပြီး စာဖတ်သူဦးရေတိုးပွားလာစေရေးနှင့် စာဖတ်သူများ အဆင်ပြေစေရေးအတွက် ကျောင်းသား/ကျောင်းသူများဖတ်ရှုလိုသော သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်ငှါးရမ်းပေးခြင်းကို စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခွင့်ရရှိကြပြီး ငှားရမ်းစာအုပ်များကို  တစ်ပတ်ပြည့်ပါက  စာအုပ်များ ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်များ အသစ်ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)