လပွတ္တာ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျီးချောင်းကျေးရွာအုပ်စု၊ စစ်ပင်ကျေးရွာဘုန်းကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ခိုင်လင်းပါဝင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြရာ ဒေသခံပြည်သူ (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ကြသည့် ဒေသခံပြည်သူများမှ တင်ပြသည့် အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး စစ်ပင် အ.မ.က ကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ကုန်ထုတ်ချောင်းပေါ်ရှိ ကွန်ကရစ်တံတား ပြုပြင်ရေးကိစ္စတို့အား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)