ကသာမြို့၌  အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ကသာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဧရာရွှေလီအားကစားခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှု ရှိစေရန်နှင့် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ဆန်၊ ကြက်ဥ၊ အာလူးတို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်တစ်ပြည်၊ ကြက်ဥ(၇)လုံး၊ အာလူး ၂၅ ကျပ်သား ပစ္စည်းသုံးမျိုးကို  ၃၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ရက်သတ္တသုံးပတ်အတွင်း အိမ်ထောင်စု (၂၀၀၀)စုအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)