ကန့်ဘလူ စက်တင်ဘာ ၂၆
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက် ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့နယ် စည်ပင်သာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်၊ ဆီ(၁၀) သား၊ ကြက်သွန်ဖြူ (၂၅)ကျပ်သား၊ ငါးခြောက် (၁၀)သားနှင့် အာလူး(၂၅) ကျပ်သား စသည့်ပစ္စည်း ငါးမျိုးတို့ကို ၃၀၀၀ ကျပ်ဖြင့် အိမ်ထောင်စု ၃၀၀ အတွက် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာ လာရောက်ဝယ်ယူသူများကလည်း စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ခဲ့၍ ဝမ်းသာပျော်ရွှင်လျက်ရှိကြကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါခန်းမ၌ အခြေခံစားသောက်ကုန်များ လာရောက် ဝယ်ယူသူများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကိုလည်း ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက လူနာရှင်၏ ရောဂါအလိုက် ကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)