ကျုံပျော် စက်တင်ဘာ ၂၆
အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာရရှိ၍ ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က စီမံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က အောင်ဆန်းရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၂၀)အတွက် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချခြင်းကို အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်ကြည့်ရှုပြီး ဈေးရောင်းဝယ်နေမှုများကို အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရောင်းချရာတွင် ဆန်(၁)ပြည်လျှင် (၁၀၀၀)ကျပ်နှင့် တစ်အိမ်ထောင်လျှင် (၂)ပြည်နှုန်း၊ ဆီ(၅၀)သားနှင့် ကြက်ဥ (၄)လုံးလျှင် (၅၀၀)ကျပ်တို့အား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး၊ လာရောက် ဝယ်ယူကြသူများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင်လည်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)