၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြုချီးမြှင့်

ပုသိမ် စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၂ ခုနှစ် “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ဂုဏ်ထူးဆောင်/ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နယ်မြေခံလေတပ်စခန်း ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်သူလူထုအကျိုးအား ဆောင်ရွက်ပေးနေကြသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ကဏ္ဍသည်အလွန်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊‌ ရှေးဦးပြုစုပေးခြင်းဖြင့် လူနာ၏ထိခိုက်ဒဏ်ရာနှင့် နာကျင်ခံစားမှုများအား လျော့နည်းသက်သာစေပြီး အသက်ရှင်သန်စေရန် အခွင့်အလမ်းများ ပိုမိုရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီ တပ်ဖွဲ့ဝင်များအနေဖြင့် အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့မှုများတွင် ကူညီပေးခြင်း၊ စေတနာ သွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာ တင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် ပေးလျက်ရှိခြင်းစသော လူမှုကရုဏာ အကူအညီများကို ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်၍ စွမ်းစွမ်းတမံ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့  ယခုနှစ် ဆောင်ပုဒ်ဖြစ် သော “ရှေးဦးပြုစု အတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ” "Lifelong First Aid Learning" အတိုင်း လူမှု အသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာမှုကို အခြေခံသောရှေးဦးပြုစုခြင်း အလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု၊ တိုင်းဒေသကြီး အကျိုးပြု၊ ပြည်သူ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ရှေးဦးပြုစု ခြင်း အတတ်ပညာရပ်များ သင်ယူကြပြီး ယခုထက် ပိုမိုစွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပါ ကြောင်း” ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အခမ်း အနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မှတ်တမ်း Video ပြသသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ချီးမြှင့်သည့် ရှေးဦးပြုစုခြင်း ဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးဆု ရရှိခဲ့သည့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအား ထပ်ဆင့်ဂုဏ်ပြုဆုနှင့် အကြိမ် (၆၀)နှင့်အထက် စေတနာ သွေးလှူရှင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဂုဏ်ထူးဆောင် အမှုဆောင်နှင့် ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား နယ်မြေခံလေတပ်စခန်း ဌာနချုပ်မှူးက လည်းကောင်း၊ ရှေးဦးပြုစုခြင်းဖြင့် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်း‌ကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)