ကြို့ပင်ကောက် စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်းနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းတောင်သူ ပညာပေးစခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးအား အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း နေကြာစိုက်တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာသီးနှံသည် စိုက်ပျိုးမြေသီးသန့်မလိုအပ်ဘဲ သီးညှပ်စိုက်ပျိုး၍ရသော သီးနှံဖြစ်ခြင်းကြောင့် တောင်သူများအတွက် များစွာအကျိုးရှိပြီး ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် များစွာအထောက်အကူဖြစ်ပေါ်စေ၍ စိုက်ပျိုးရန်သင့်သော သီးနှံဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နေကြာသီးနှံ သီးညှပ်(၈)ဧက စိုက်ပျိုးသောတောင်သူအား နေကြာမျိုးစေ့ ၁၈၀၀၀/-ကျပ် တန်တစ်အိတ်နှင့် ၃၄၄၀၀/-ကျပ်ဖြင့် ယူရီးယာပုလဲဓါတ်မြေဩဇာတစ်အိတ် ရောင်းချပေးလျက်ရှိရာ ယနေ့အချိန်အထိ နေကြာမျိုးစေ့ အိတ် ၁၆၀၀ အားရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးကပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)