မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုအမွှေအနှစ်များ၊ သုခုမလက်မှုအနုပညာ လက်ရာများ၊ အဖိုးတန်သယံဇာတများ ပေါကြွယ်ဝသော ကျွန်တော်တို့မြန်မာနိုင်ငံသည် ကမ္ဘာနိုင်ငံများ အလယ်တွင် ထင်ရှားပေါ်လွင်နေသော နိုင်ငံဖြစ်သည်။
ထိုသို့သောရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများ၊ လက်မှုပညာရပ်များကို ရှေ့မြန်မာမင်းတို့ လက်ထက်မှ ယနေ့ခေတ်ကာလအထိ လက်ဆင့်ကမ်းထိန်းသိမ်းလာသော ပန်းဆယ်မျိုးပညာရပ် များသည်လည်း အပါအဝင်ဖြစ်သည်။ ရှေးပညာရှိ စာဆိုကြီးများက တဉ်း-တိမ်-ပဲ-တော့-ပု-ရံ-မော့ မှတ်လော့ ပွတ်-ချီ-ယွန်း ဟူသောလင်္ကာဖြင့် တင်စားခေါ်ဝေါ်ကြသည့် မြန်မာ့ရိုးရာပန်းဆယ်မျိုး ပညာရပ်သည် မြန်မာလူမျိုးတို့၏ အထင်ရှားဆုံးရိုးရာအမွေအနှစ် ပညာရပ်များဖြစ်သည်။
မြန်မာ့ ရေ၊ မြေ ၊တောတောင်များမှထွက်ရှိသာ သဘာဝပစ္စည်းများအား ပန်းဆယ်မျိုးပညာရပ်ဖြင့် ပြုလုပ်နေသော လုပ်ငန်းများကိုလည်း နိုင်ငံတကာခရီးသွားဧည့်သည်များက စိတ်ဝင်တစားလေ့လာ ဝယ်ယူကြသောကြောင့် နိုင်ငံခြားဝင်ငွေများရရှိပြီး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနေသည်။
ယနေ့ခေတ်တွင် မြန်မာ့ရိုးရာပန်းဆယ်မျိုးပညာရပ်များ မှေးမှိန်ပျောက်ကွယ်သွားမည့် အရိပ်အရောင်များ တွေ့မြင်နေရသောကြောင့် နိုင်ငံတော်အစိုးရ၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့နှင့် ရိုးရာလက်မှုပညာရှင်တို့ ပူးပေါင်းပြီး မြန်မာ့ပန်းချီပန်းပုကောင်စီ၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး၊ မြန်မာ့ပန်းချီပန်းပု အစည်းအရုံးတို့မှ ထိန်းသိမ်းခြင်း၊ ပညာပြန့်ပွားစေခြင်းတို့အတွက် နည်းလမ်းအမျိုးမျိုး ဖြင့်ဆောင်ရွက်လျှက် ရှိကြသည်။
စာရေးသူတို့ ကြို့ပင်ကောက်မြို့နယ်တွင်လည်း မြန်မာ့ရိုးရာပန်းဆယ်မျိုးပညာရပ် အတွင်းမှ ပန်းတိမ်၊ ပန်းပဲ၊ ပန်းရံ၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ စသောပညာရပ်ခြောက်မျိုးခန့်သာ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြပြီး၊ အခြားပန်းပညာရပ်များကိုလည်း မြန်မာ့ရေမြေနေရာဒေသ အနှံအပြားတွင် လုပ်ကိုင်နေကြကြောင်း တွေ့မြင်နေရသည်။
ပန်းတိမ်လုပ်ငန်းသည် ရွှေလုပ်ငန်းရှင်များမှ ရွှေထည်လက်ဝတ်လက်စားများကိုရရှိရန် ကိုယ်ပိုင်ရွှေပန်းတိမ် လုပ်ငန်းများထူထောင်၍ လုပ်ကိုင်ကြလျှက်ရှိပြီး ငွေထည်ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူများမှာ မရှိသလောက်ရှားပါးသည်။ ရွှေထည်ပစ္စည်းများသည် လူတို့၏ ခန္ဓာကိုယ်တွင် စိတ်ကြိုက်ဖန်တီးဝတ်ဆင်ရသော အဆင်တန်ဆာဖြစ်သော်ကြောင့် လူတိုင်းကြိုက်နှစ်သက်၍ အမြို့မြို့အနယ်နယ်တွင် လုပ်ကိုင်သူပေါများပြီး ငွေထည်ပစ္စည်းများအား အိမ်တွင်းအလှဆင်ပစ္စည်း များကိုသာ အများဆုံးပြုလုပ်ကြသောကြောင့် မြို့နယ်တိုင်းတွင် လုပ်ကိုင်သူရှားပါးသည်။
ကြို့ပင်ကောက်မြို့မှ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်မင်းထိုက် က “ရွှေဈေးအတက်အကျ ဒေါ်လာဈေး အတက်အကျ စိုက်ပျိုးသီးနှံဈေးအတက်အကျ ဒေသခံပြည်သူတွေရဲ့ စီးပွားရေးတို့နဲ့ ပတ်သက်ပြီး ပန်းတိမ်လုပ်ငန်းလည်ပတ်မှုနှုန်း အနှေးအမြန်ရှိပါတယ် စပါးဈေး ပဲဈေးကောင်းတဲ့နှစ်တွေဆို ပိုပြီးလုပ်ရတာပေါ့” ဟု ပြောသည်။
ပန်းပဲလုပ်ငန်းသည်တောင်သူဦးကြီးများ၏ မှီခိုအားထားလုပ်ကိုင်ရသောပညာရပ်တစ်ခု ဖြစ်သည်။ ယနေ့ခေတ်သည် လက်မူလယ်ယာမှစက်မူလယ်ယာခေတ်သို့ ကူးပြောင်းနေသောကြောင့် ပန်းပဲလုပ်ငန်းများမှ ထုတ်လုပ်သော လယ်ယာသုံးပစ္စည်းများကို ဝယ်ယူသုံးစွဲမှု နည်းပါးလာကြောင်း တွေ့မြင်နေကြရသည်။
ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်ထူး က “အရင်ကလောက် သိပ်မလုပ်ရတော့ဘူး လယ်ယာလုပ်ငန်းခွင်မှာမဖြစ်မနေသုံးရတဲ့ ဓားလိမ်၊ ဒေါက်စက်တုံး၊ သံထယ်၊ ဓားမျိုးစုံအနေနဲ့ ထင်းခုတ်ဓားကနေ ဟင်းရွက်လှီးဓားအထိ အရှိန်မပြတ်ကလေးလုပ်နေရတယ် နွေရာသီရောက်ရင် နွားလှည်း၊ မြင်းလှည်း သံခွေမီးချရတယ်၊ အခုခေတ်မှာထူးခြားတာက ပန်းပဲလုပ်ငန်းကို သံပန်းလုပ်ငန်းနဲ့ ပူးတွဲလုပ်ကိုင်လာကြတယ် ... ကြို့ပင်ကောက်မြို့မှာတော့ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးခန့်ပဲရှိတယ်” ဟုပြောသည်။
ပန်းရံလုပ်ငန်းမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားတွင် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်း ဖြစ်သည်။ တိုးတက်လာသောခေတ်ကာလနှင့်အညီ ကျွန်ုပ်တို့နေထိုင်သော အဆောက်အအုံများကို ဆောက်လုပ်ရေး အဂျင်နီယာပညာရှင်များနှင့် ပန်းရံပညာရှင်များပူးပေါင်း၍ ခန်းနားလှပသော ဒီဇိုင်းများဖြင့် အဆောက်အအုံများ ဆောက်လုပ်နေကြသည်ကို တွေ့မြင်သိရှိနေကြရပေသည်။
ပန်းရံပညာရှင်ဖြစ်ရန်အတွက် အောက်ခြေအကြမ်း မဆလာဖျော် အုတ်သယ် သဲသယ် ထိုမှ သံလျှက်ကိုသင်ကိုင်ကိုင်ပြီးတော့ တဖြည်းဖြည်းသင်ယူကြရကြောင်း သံလျှက်ကိုင်ကျွမ်းကျင်သွားမှ ပန်းရံဆရာဖြစ်ပြီး ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့လာသင်ယူကြရကြောင်း သိရသည်။
ပန်းပုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ဆောင်ရွက်သူ ရှားပါးလှပေသည်။ စာရေးသူတို့ ကြို့ပင်ကောက်မြို့နယ်တွင် ပန်းပုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ဆောင်ရွက်သူ ရှားပါးလှသည်။ ပန်းပုပညာရပ်ဖြင့် ပန်းပုထုသူများကို လက်ချိုးရေတွက်၍ရသော အနေအထားဖြစ်သည်။ ထိုသို့ လုပ်ကိုင်သူနည်းပါးလျှက်ရှိသော ပန်းပုလုပ်ငန်းမှ ပညာရှင်များသည်ဘုရား ဆင်းတုတော်များ၊ အိမ်တွင်းအလှဆင် ရုပ်တုများကို လက်ရာမြောက်စွာ ထုလုပ်၍ မြန်မာတို့၏ လက်မှုပညာကို ကမ္ဘာနိုင်ငံများအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြသဆောင်ရွက်နိုင်ကြောင်းကို နိုင်ငံသားတိုင်း သိရှိထားပြီးဖြစ်သည်။
ပန်းပွတ်လုပ်ငန်းလုပ်ကိုင်သူများကလည်း စားပွဲး ကုတင်ခြေထောက်များ၊ လှေကားလက်ရန်းများ၊ နွားလှည်းထမ်းပိုး၊ ထမ်းပိုးကျည်း တို့ကိုသာအများဆုံး လုပ်ကိုင်နေကြရသည်။
ပန်းချီရေးဆွဲခြင်းသည် ပန်းချီပညာရှင်တို့မှ ဝါသနာအရရေးဆွဲနေကြရပြီး ပန်းချီပညာဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူမှာ ရှားပါးလှသော်လည်း ပုဂံရှေ့ဟောင်းဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းအောင်မြင်လျှက်ရှိသည်။ ပုဂံခေတ်ပန်းချီပညာရှင်များ၏ လက်ရာကို အမွေဆက်ခံကာ သဲဖောင်းကြွပန်းချီအဖြစ် တီထွင်ဖန်တီး ဆန်းသစ်ရေးဆွဲနေကြပေသည်။ အခြေခံပညာကျောင်းများတွင်လည်း စာသင်ချိန်များအတွင်းမှ ပန်းချီအချိန်တစ်ချိန်ဖြင့် သင်ကြားပေးလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့ပြင် မြို့နယ်ပြည်သူ့စာကြည့်တိုက်များတွင် ကလေးသူငယ်များ တီထွင်ဖန်တီးလိုစိတ်များဖြစ် ပေါ်လာစေရန် ပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို အခါအားလျော်စွာကျင်းပ ပြုလုပ်ပေးလျှက်ရှိရာ နောင်တချိန်တွင် ပန်းချီပညာသည် ခေတ်နှင့်အညီတိုးတက် လာတော့မည့် ဖြစ်သည်။
ခေတ်နှင့်အညီတိုးတက်လာသော အပြောင်းအလဲများကြောင့် ပန်းဆယ်မျိုးပညာရပ်အား လုပ်ကိုင်ကြသူများမှာ မိမိတို့၏လုပ်ငန်းများကို ရိုးရာမပျက် တိုးတက်အောင်ဆောင်ရွက်နိုင်ကြသလို တချို့ပညာရပ်များသည်လည်း မှေးမှိန်ပျောက်ကွယ်လာကြသည်ကို တွေ့မြင်သိရှိနေကြရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ပန်းဆယ်မျိုးအနုပညာလက်ရာများကို ယနေ့ခေတ် ဘာသာရေး အစောက်အအုံများတွင် အများဆုံးတွေ့မြင်နိုင်ပြီး ရေရှည်တည်တံစေရန်အတွက် တန်ဘိုးထားထိန်းသိမ်း၍ နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြင့်တင်ကြရန် နိုင်ငံသားအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပေသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)