ထန်ပါခွေ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ တာမောင်ကျေးရွာအုပ်စု၊ တာမောင်ကျေးရွာ ကျေးလက် V.D.C ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နေကြာ(၁)ဧက ပန်းတိုင်အထက်ထွက်ရှိရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဝေမင်းဦးက အမှာစကားပြောကြားရာတွင် ထန်ပါခွေမြို့အနေဖြင့် စားသုံးဆီပိုမိုဖူလုံစေရန်အတွက် ယခုဘဏ္ဍာရေးနှစ် (၂၀၂၂- ၂၀၂၃) ခုနှစ်တွင် နေကြာသီးနှံ စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထန်ပါခွေမြို့တွင် နေကြာ(၁)ဧကပန်းတိုင်အထက် ထွက်ရှိရေး(၁၀.၀၀)ဧကကို ဆောင်းရာသီတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာမောင်ကျေးရွာအုပ်စုအတွက် ဆင်းရွှေကြာ(၂) နေကြာ မျိုးစေ့(၅)ဧက ထောက်ပံ့ပေးအပ်ခဲ့ပြီး နေကြာသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝေမင်းဦးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူ (၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၆.၉.၂၀၂၂)ရက်နေ့မှ (၂၇.၉.၂၀၂၂)ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)