­­­မင်းဘူး(စကု)မြို့နယ်၌ ရာသီပေါ် ငှက်စွတ်မှို နှုတ်ယူရောင်းချသူများ ဈေးကောင်းရ

မင်းဘူး စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရာသီပေါ် ငှက်စွတ်မှို (ခေါ်) မှိုငှက်စို နှုတ်ယူရောင်းချသူများ မှို ၁၀ ကျပ်သားကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချနေရပြီး ဈေးကောင်းရလို့ အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှ သိရသည်။

“ဒီဒေသမှာ ငှက်စွတ်မှို (ခေါ်) မှိုငှက်စိုက တော်သလင်းလပြည့်ကျော်နဲ့ သတင်းကျွတ်လဆန်း ပိုင်းတွေမှာ မိုးရွာသွန်းပြီးနောက်ရက် ပူအိုက်ခါစအချိန်မှာ အများဆုံး ထွက်ပေါ်လေ့ရှိပြီး ရှာဖွေနှုတ်ယူ ရတာပါ။ အခုလို မှိုလှိုင်လှိုင်ပေါ်တဲ့အချိန်မှာ မှိုတွေ့များတဲ့နေ့ဆိုရင် တစ်ရက်ကို တစ်ပိဿာကျော် ရရှိ ပါတယ်။ ရွာမှာ ဖောက်သည်ဈေးက မှို ၁၀ သားကို ၁၀၀၀ ကျပ်နဲ့ရောင်းချနေပါတယ်။ မှိုပေါ်ချိန်က ရက်တိုတော့ ပေါ်ဦးပေါ်ဖြားဆိုရင် ဈေးပိုရပြီး တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ ကျော်အထိ ရောင်းချရတယ်။ ဒီမှိုက တစ်နှစ်မှ တစ်ခါပဲပေါ်တာ။ ဒီနှစ် စျေးကောင်းရတော့ မှိုရှာရတာ အဆင်ပြေပါတယ်။”ဟု လေးပင်ကျေးရွာမှ မှိုနှုတ်ယူရောင်းချသူ ကိုကျော်ကြီးက ပြောသည်။

“ဈေးထဲမှာ လက်ရှိမှိုပေါက်ဈေးက ရွာဘက်တွေနဲ့တော့မတူဘူး။  ရွာဘက်ကနေ ဖောက်သည်ဈေးနဲ့ မှို ၁၀ ကျပ်သားကို ၁၀၀၀ ကျပ်နဲ့ဝယ်ယူရပြီး မှိုအငုံဆိုရင် ၁၅၀၀ ကျပ်၊ အပွင့်ဆိုရင် ၁၂၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချကြပါတယ်။ မှိုပေါ်ခါစ အချိန်ဆိုရင် ဖောက်သည်ဈေးကို တစ်ပိဿာ ငွေကျပ် ၁၅၀၀၀ ကျော်နဲ့ စျေးကောင်းပေးဝယ်ယူပြီးတော့ ပြန်ရောင်းရတာ။ အခုက မှိုလှိုင်လှိုင်ပေါ်ချိန်ဆိုတော့ အရောင်းအဝယ်ကောင်းပြီး လူကြိုက်များနေတာဖြစ်ပါတယ်။” ဟု မင်းဘူးမြို့မဈေးမှ မှိုရောင်းချသူတစ်ဦးက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ဒေသအခေါ် ငှက်စွတ်မှို (ခေါ်) မှိုငှက်စိုကို ရာသီစာဟင်းအဖြစ် ကန်စွန်းရွက်၊ ငရုတ်သီးစိမ်းတို့ဖြင့် ရောယှက်ကာ အရည်သောက်၊ အချို၊ အစပ် အရသာမျိုးစုံ ကြော်/ချက်၍ အများဆုံးစားသုံးကြပြီး မှိုပေါ်ချိန် ထွက်ခါစ အငုံအဖူးများကို ဈေးကောင်းပေး၍ ဝယ်ယူလေ့ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)