ဘိုကလေး စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ မြို့နယ်တွင်းရှိ စင်တင်တေး ဂီတဆိုင်နှင့် ကာရာအိုကေဆိုင်(၇) ဆိုင်အား မီးဘေးလုံခြုံရေး ဆိုင်ရာများ စစ်ဆေးကြပ်မတ်ခဲ့ကြသည်။
စစ်ဆေးရာတွင် ၎င်းဆိုင်များ၏ မီးအသုံးပြုမှု စနစ်၊ မီးဘေးကြိုတင်ကာကွယ်ရေး အရေးပေါ်လွတ်မြောက်မှု ဆိုင်ရာစနစ်များ၊ မီးလောင်မှုဖြစ်ပွားချိန်၌ ဘေးကင်းရာသို့ ထွက်ခွာရမည့် အကွာအဝေးနှင့် အရေးပေါ် ထွက်ပေါက် ရှိ/မရှိ၊ ထွက်ပေါ် လမ်းညွှန် သင်္ကေတ၊ အရေးပေါ် မီးထွန်းစနစ်၊ မီးလှန့်အချက်ပေးစနစ်၊ အချက်ပြမီး၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပိုက်ခွေ၊ မီးခိုးထောက်လှမ်းမှုနှင့် အပူထောက်လှမ်းမှု စနစ် ရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု မရှိသည့်ဆိုင်များအား လမ်းညွှန်သတ်မှတ်ချက်များနှင့် အညီ ထားရှိဆောင်ရွက်ရောင်းချနိုင်စေရေး လမ်းညွှန် မှာကြားကြပ်မတ်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)