ကန်ကြီးထောင့် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျိုက်လတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွတ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက တောင်သူများ ဆန်စပါးဝမ်းစာဖူလုံစေရုံသာမက စားသုံးဆီလုံလောက်စွာ စားသုံးနိုင်ရေး နေကြာစိုက်ပျိုးမှုမှတစ်ဆင့် ရရှိအကျိုးကျေးဇူးများနှင့် ဆီထွက်သီးနှံ စိုက်ပျိုးကြရေး တောင်သူများကိုအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်/ မြို့နယ် စိုက်ပျိုး တိုးတက်မှုမြင့်မားရေး အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဏအလိုက် ရှင်းလင်းခဲ့ကြသည်။ ထို့နောက် တက်ရောက် လာကြသူ ဒေသခံတောင်သူများ၏ မေးမြန်းချက်များအား တာဝန်ရှိသူအသီးသီးက ရှင်းလင်းခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ ဆီထွက်သီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ငွေကြားဆီစက်မှ ဆောင်းနေကြာသီးနှံစိုက်ပျိုးမည့် ဒေသခံ တောင်သူများအား တစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) နှုန်းထောက်ပံ့၍ အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ တစ်မြို့နယ်လုံး ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးခြင်းကို စုစုပေါင်း (၁၅၈၆) ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)