မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မယ်စဲ့ စက်တင်ဘာ ၂၆

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအချင်းချင်း အတွေးအမြင် ဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club၊ Book Club တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က လူငယ်လူရွယ်များ အနေဖြင့် ယနေ့ခေတ် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုးတက်မှု နောက်သို့ လိုက်ပါကြရင်း စိတ်အလိုကို မလိုက်မိကြစေရန်နှင့် မိမိတို၏စိတ်ကို ထိန်းချုပ်ခြင်းဖြင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တောက်ပစေမှာဖြစ်ကြောင်း ပြောကြားပြီး စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်မှ လူငယ်နဲ့ပရဟိတ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ Women Club အဖွဲ့ဝင် ဒေါ်အင်နန်းစိုးက မြင့်မြတ်သူတို့၏လမ်းကြောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် မမေသူဟိန်းက လူငယ်နဲ့သိစိတ် ခေါင်းစဉ်ဖြင့် လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် Women Club အဖွဲ့ဝင်များနှင့် Book Club အဖွဲ့ဝင်များအား သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)