မိုးညို စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များက မြို့အတွင်း လူအသွားအလာများသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာစျေးအတွင်းနှင့် စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများ၊ သုံးဘီးဆိုင်ကယ်ဂိတ်များတွင် နှာခေါင်းစည်း(Mask)ကို အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် Mask တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)