ဆင်ဘို စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ တောပင်လုံကျေးရွာ၌ ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၉၅,၀၀၀,၀၀၀/-(ကျပ်ကိုးရာငါးဆယ်သိန်းတိတိ)ဖြင့် ဆောင်ရွက်နေသည့် Dream House Kachin ဆောက်လုပ်ရေးကုမ္ပဏီမှ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးထားရှိမှု အခြေအနေကို အရည်အသွေး စစ်ဆေးရန် တာဝန်ရှိ ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Dream House Kachin ဆောက်လုပ်ရေး ကုမ္ပဏီတို့ ချုပ်ဆိုကြသည့် ဆင်ဘိုမြို့ တောပင်လုံ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းအတွက် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်အရ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ (၁)ထပ် (၁)လုံး (၁၀၁၀စ/ပေ)၊ MWနှင့် PHS ဝန်ထမ်း အိမ်ရာ(၂) ခန်းတွဲ(၁)ထပ် (၁)လုံး(၈၄၆ စ/ပေ)၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ ရေစင်ပြုလုပ်ခြင်း၊ Ground Tankနှင့် Over Head Tank၊Septic Tank များ ပြုလုပ်ခြင်း၊ အဝီစိရေတွင်းတူးဖော်ခြင်း၊ ရေစက်အိမ်ဆောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ခြံစည်းရိုးကာခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပြီးစီးပါက တောပင်လုံကျေးရွာနှင့် ပင်တော်ကျေးရွာရှိ အိမ်ထောင်စု (၂၅၃)စု၊ လူဦးရေ(၁၂၀၃)ဦးတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ အကျိုးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။
စိုးမိုးကျော်(ဆင်ဘိုပြန်/ဆက်)