ကျိုက်လတ် စက်တင်ဘာ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂ဝ၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံသိဝကျေးရွာအုပ်စု၊ အလန်းဒွတ်ကျေးရွာတွင် ငွေကျပ်သိန်း (၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်း က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသ များရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀) အနက် လုပ်အားခ (၃၈%)နှင့် ပစ္စည်းဖိုး (၆၂%) ဖြင့် CFW စီမံကိန်းအား ကျေးရွာအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အလန်းဒွတ်ကျေးရွာတွင်း လမ်းမြေသား ဘောင်ခတ်သဲခင်းခြင်းလုပ်ငန်း ပေ ၆၀၀၀၊ အကျယ် ၇ ပေ၊ ထု ၉ လက်မအား ဆောင်ရွက်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင် (၃) ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူး စိန်လွင်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ရီရီမြင့်