မြောင်းမြ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် စိုက်ပျိုးပညာပေးဝန်ထမ်းများအား ဆောင်းရာသီနေကြာသီးနံ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းကို ယနေ့နံနက် (၉)နာရီက မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်း၌ ပထမပိုင်းတွင် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းစိန်က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဦးကျော်ကျော်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ယခုသင်တန်းတွင် နေကြာသီးနှံနှင့် ပတ်သက်၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ အပင်ပြုစု စောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းပညာများကို သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယပိုင်းအနေဖြင့် သင်တန်းကို သင်တန်းနည်းပြ (၅) ဦးက ဆက်လက် သင်ကြားပို့ချရာ စပ်မျိုးနေကြာ (F1) မျိုးစေ့ထုတ်လုပ်ခြင်းနှင့် OPV နေကြာမျိုးစေ့ ထုတ်လုပ်ခြင်း၊ နေကြာသီးနှံ စိုက်ပျိုးနည်းစနစ်များနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မျိုးကွဲနှုတ်ပယ်ခြင်း၊ အင်းဆက်ဖျက်ပိုးများနှင့် ဘက်စုံ ကာကွယ်နှိမ်နှင်းနည်း၊ ကျရောက်တတ်သော ရောဂါများနှင့် ဘက်စုံကာကွယ်နှိမ်နှင်းနည်း၊ ဓာတ်မြေသြဇာ အသုံးပြုအခြေအနေ စသည့်ခေါင်းစဥ်များဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာမြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းစုစုပေါင်း (၇၂)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)