ဒေးဒရဲ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာမှုရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့်ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ အေဝမ်းစျေးနှင့် ပျံကျေးစျေးများရှိ စျေးရောင်းချသူများအနေဖြင့် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းချပဲ အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့်သာ ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများနှင့် ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း