လေးမျက်နှာ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ လေးမျက်နှာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ ယနေ့နံနက်ပိုင်းက ခမောက်စုစျေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် “ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များစသည့် အသုံးဆောင်ပစ္စည်းများအား ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူများစသည့်ပစ္စည်းများဖြင့် အစားထိုးရောင်းချရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)