ဖြူးမြို့နယ်အတွင်း မြို့များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေသည့်အပြင် ကျေးရွာများတွင်ပါ စုရပ်ပြုလုပ်၍ ဆက်လက်ထိုးနှံပေး

ဖြူး     စက်တင်ဘာ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို  ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့နှင့် ညောင်ပင်သာတို့တွင်   ထိုးနှံပေးလျက်ရှိရာ ကျေးရွာဒေသများမှ လာရောက်ထိုးနှံရန် အခက်အခဲမရှိစေရေးအတွက်ရည်ရွယ်ကာ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီး ကျေးရွာတိုက်နယ်ဆေးရုံတွင် စုရပ်ထား၍ ဆက်လက်၍ထိုးနှံပေးခဲ့ရာ ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ တိုက်နယ်ဆေးရုံတွင်စုရပ်ထား၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌဗိုလ်မှူးလှမိုးသိန်းနှင့်အဖွဲ့ဝင်များက ဝဲကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အသက်(၁၂)မှအသက်(၁၈)နှစ်အထက်နှင့် အသက်(၁၈)နှစ်အထက် ပြည်သူ(၃၀၀)ဦးကျော်ခန့်အား Second Booster Dose  ကာကွယ်ဆေးထိုးနှံပေးမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်များအား ဆက်လက်ကြိုတင်ကာကွယ်နိုင်ရေး  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဆရာမများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးပြီး ကာကွယ်ဆေးထိုးနှံခြင်း၊ စာရင်းကောက်ခြင်း၊ အလှည့်ကျအမည်ခေါ်ပေးခြင်းနှင့် ဆေးထိုးပြီးပါကခေတ္တနားစေခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)