ဇလွန်မြို့တွင် (အပတ်စဉ်) တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ထားမှုအား လိုက်နာဆောင်ရွက်မှုရှိရေး လိုက်လံအသိပညာပေး

ဇလွန် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ပူးပေါင်းအဖွဲ့မှ ပြည်သူများ ပလပ်စတစ်အိတ် သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး လိုက်လံအသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မ စျေးသစ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မစျေးသစ်တွင် စျေးရောင်းချနေသူများအနေဖြင့် အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း  ကျွတ်ကျွတ်အိတ်၊ ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာတို့ဖြင့် သာ သင့်တော်ရာ အစားထိုး ထုပ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ကိုင်စပီကာများဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး လိုက်လံ အသိပေး နှိုးဆော်ခြင်းနှင့် လိုက်နာဆောင်ရွက်မှုရှိစေရေး၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန်/ဆက်)