ဟားခါး စက်တင်ဘာ ၂၅
ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟားခါးမြို့ရှိ အခြေခံပြည်သူများ၏ နေ့စဉ်ဘဝ စားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် အခြေခံစားသောက်ကုန်များကို စက်တင်ဘာလ ၁၀ ရက် နံနက် ၈ နာရီမှစတင်၍ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။
ထိုသို့ ရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား၊ မာမီးခေါက်ဆွဲခြောက်၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက် စသည့်အခြေခံ စားသောက် ကုန် (၁၇) မျိုးအပြင် ဟားခါးတပ်နယ်မှ တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ဆန် (၂)ပြည် ၄၅၀၀/− ၊ ပဲဆီ (၅၀)ကျပ်သား ၆၅၀၀/− ၊ နေကြာဆီ ( ၅၀)ကျပ်သား ၅၅၀၀/− ၊ ဆား (၃)ထုပ် ၁၀၀၀/− ၊ ကြက်သွန်နီ (၁)ပိဿ ၄၀၀၀/− ၊ ကြက်သွန်ဖြူ (၁)ပိဿ ၄၅၀၀/−၊ အာလူး (၁)ပိဿ ၂၅၀၀/−၊ ကုလားပဲ (၁)ပိဿ ၄၀၀၀/− ၊ ကြက်ဥ (၁၀)လုံး ၂၀၀၀/− ၊ အမဲသား (၁)တွဲ ၈၀၀၀/− ၊ ဝက်သား (၁)တွဲ ၉၅၀၀/− ၊ ကြက်သား ( ၁ ) ကောင် ၉၅၀၀/− ၊ ချဉ်ပေါင် ( ၂ ) စည်း ၄၀၀/− ၊ ကစွန်းရွက် (၁) စည်း ၄၀၀/−၊ မုန်ညင်း (၁)စည်း ၄၀၀/− ၊ ငရုတ်သီး စိမ်း ( ၁ ) ဗူး ၄၀၀/−စသည်ဖြင့် အပြင်ပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးပြီး ဝယ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့တွင် ယနေ့ပြုလုပ်သည့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေး ခြင်းသည် ဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ပြီး စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်း၊ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ယနေ့ပြုလုပ်သည့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေချိန်တွင် လာရောက်ဝယ်ယူသူများနှင့် လမ်းသွား၊ လမ်းလာပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
( မောင်တက်လမ်း )