ဖျာပုံမြို့ အထက-၂ ကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောဆောင်ရွက်

ဖျာပုံ စက်တင်ဘာ ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖျာပုံမြို့၊ အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ မြို့နယ်အတွင်း ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဖျာပုံမြို့အထက- ၂ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဖျာပုံမြို့ အထက-၂ ကျောင်းရတနာခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး ဌေးနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ် (၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်က ယာဉ်အန္တရယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုး သေချာစွာတပ်ဆင်မောင်းနှင်ကြရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာများအား အသိပညာပေး ရှင်းလင်းပြောကြားခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှတပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်နှင့် တပ်ဖွဲ့ဝင်များ၊ အထက-၂ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)