ဘားအံ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်အတွင်း ဆီးဖူလုံမှုရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၁၀၀ ရာခိုင်နှုန်းပြည့်မီကျော်လွန် ဖူလုံစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သောမြေနှင့် ဆီထွက်သီးနှံအမျိုးအစားများရှိပြီး အခြားစိန်ခေါ်မှုများဖြစ်သော အရင်းအနှီး၊ လုပ်သားနှင့် ဈေးကွက်တို့ကို ဖြည့်ဆည်းပေးလိုက်မည်ဆိုပါက ဆီဖူလုံရေး အခက်အခဲရှိနိုင်မည်မဟုတ်ကြောင်း၊ လိုအပ်သည့်အရင်း အနှီးများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံမှ စပါးအပြင် ဆီထွက်သီးနှံများကို ထုတ်ချေးပေးဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အချိန်မီစိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးစေ့များ ထောက်ပံပေးနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်တို့ကို အရှိန်အဟုန်မြင့် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့ကြိတ်ခွဲ ထုတ်လုပ်ပြီးပါက ဒေသတွင်းဆီဖူလုံမှုရာခိုင်နှုန်းကို ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်ရာတွင် အရည်အသွေးမြင့်မားသည့် စားသုံးဆီများရရှိစေရေး အဆင့်မီဆီကြိတ်စက်များရှိဖို့လိုသည့်အတွက် အရင်းအနှီးများထုတ်ချေးပေးသွားရန် စီမံထားပါကြောင်း၊ ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့် ထုတ်လုပ်နိုင်ရေး ပါဝင်ပတ်သက်သူများအားလုံးက စိုက်ပျိုးခြွေလှေ့ကြိတ်ခွဲထုတ်လုပ်သည်မှ ဈေးကွက်ဖော်ဆောင်နိုင်သည်အထိ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်ဝမ်းက ၂၀၂၂-၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့် ထုတ်လုပ်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်မိုးအောင်က ဆီထွက်သီးနှံစိုက်ဧရိယာများ လျာထားဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘားအံ၊ ကော့ကရိတ်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ မြဝတီ) ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်းဆီဖူလုံရေး ခရိုင်အလိုက်သုံးသပ်တင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)