သီတင်းကျွတ်လကို ရိုးရာမီးပုံးကလေးများဖြင့် အလှဆင်ပါ

မင်းလှ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံတစ်ဝှမ်းရှိ တစ်ဆယ့်နှစ်လရာသီပွဲတော်များအတွင်းမှ သီးတင်းကျွတ်လသည် ဘာသာရေးထုံးတမ်း အစဉ်အလာများ၊ မိရိုးဖလာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် အလှဆင်ထားခြင်းကြောင့် မြန်မာလူမျိုးတို့အဖို့ ကြည်နူးပီတိဖြစ်ရသော လတစ်လဖြစ်သည်။ သီတင်းကျွတ်လတွင် လူငယ်လူရွယ်များက လူကြီးမိဘဆရာများအပေါ် တစ်နှစ်တာကာလအတွင်း ပြောမှားဆိုမှားများရှိလျှင် အပြစ်များပြေပျောက်စေရန်၊ ခွင့်လွှတ်ပေး‌စေရန် အတွက် မြန်မာ့ရိုးရာမုန့်မျိုးစုံဖြင့် လက်အုပ်ချီဝန်ချတောင်းပန်သော လတစ်လလည်း ဖြစ်သလို လူကြီးလူငယ်အရွယ်သုံးပါးမရွေး မြတ်စွာဘုရားရှင်အား မီးပူဇော်ခြင်းအပြင် ပျော်ပွဲရွှင်ပွဲများဖြင့် ပါဝင်ဆင်နွဲနိုင်သော လတစ်လလည်းဖြစ်သည်။

ထိုလတွင် လူကြီးမိဘများကဘုရား၊ စေတီ၊ပုထိုးများတွင်လည်းကောင်း၊ လမ်းများနှင့် နေအိမ်တိုင်းတွင်လည်းကောင်း မြန်မာ့ရိုးရာမီးပုံးကလေးများ မီးထွန်းညှိ၍ မြတ်စွာဘုရားရှင်အား ပူဇော်ကြပြီး ကလေးငယ်များက မီးထွန်းအရုပ်ကလေးများဖြင့် ပျော်ရွင်စွာဆော့ကစားကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မင်းလှမြို့နယ်မှာလည်း သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတွင် နေအိမ်များ၌ ဒေသထွက်မြန်မာ့ရိုးရာ မီးပုံးကလေးများကိုအသုံးပြုကာ  မီးထွန်းပွဲဆင်နွဲကြသလို ကလေးငယ်များကလည်း ဒေသထွက်မီးထွန်းအရုပ်ကလေးများဖြင့် ပျော်ရွှင်စွာ ဆော့ကစားဆင်နွဲကြသည်။ ယခုနှစ်မင်းလှမြို့နယ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာမပျက် ပြုလုပ်ရောင်းချ‌‌နေသော မီးပုံးအရုပ်ကလေးများကို လူကြီးလူငယ်များ ကြိုက်နှစ်သက်စွာ ဝယ်ယူနေကြောင်းမြင်တွေ့ရသည်။

မီးပုံးနှင့် မီးထွန်းအရုပ်ကလေးများ ပြုလုပ်ရာတွင် ကြက်သောင်းဝါး၊ သွပ်ကြိုး၊ သာရေကွင်း၊ သံ၊ ဆီစိမ်စာရွက်၊ မှန်စာရွက်၊ ကော်၊ သင်္ဘောဆေးစသည့် ပစ္စည်းများကို ကြိုတင်စုဆောင်းထားပြီး၊ ဝါခေါင်လကွယ်တွင် ဝါးများကိုဖြာ၍  တွန်းလှည်းဘီးပုံစံများကို ပြုလုပ်ထားရသည်။ တော်သလင်းလအတွင်း အကြမ်းထည်များပြုလုပ်ပြီး သီတင်းကျွတ်အမှီ အချောထည် ပြီးစီးအောင်ပြုလုပ်ရသည်။ မင်းလှမြို့ဒေသထွက်မီးထွန်းအရုပ်က လေးများမှာ ဆင်ရုပ်၊ ကြက်ရုပ်၊ ယုန်ရုပ်၊ ဟင်္သာရုပ်၊‌ လေယာဉ်ပျံရုပ်၊ ကြယ်ရုပ်များဖြစ်ပြီး၊ မီးပုံးများတွင် ကြယ်မီးပုံး၊ အသဲပုံမီပုံး၊ တရုပ်မီးပုံးမျိုးစုံတို့ကို လက်ရာကောင်းမွန်စွာဖြင့် သေသပ်လှပအောင်ပြုလုပ် ထားသည်ကိုတွေ့ရသည်။

ယခုကာလတွင် မီးထွန်းအရုပ်က လေးများပြုလုပ်ရန် ကုန်ကြမ်းဖြစ်သည့် ဝါးများရှားပါး လာခြင်း၊ ကုန်ဈေးနူန်းများ မြှင့်တတ်နေချိန်ဖြစ်၍ အရုပ်ပြုလုပ်ရန် ပစ္စည်းများမှာ ဈေးမြှင့်ခြင်း ကြောင့် အမြတ်စွန်းနည်းပါးမှာကို စိုးရိမ်‌နေကြောင်း၊ ဒေသခံကလေးမိဘများ တောင်းဆိုမှု ကြောင့်လည်း‌ကောင်းမြန်မာ့ရိုးရာကို ထိန်းသိမ်းသောအားဖြင့်လည်ကောင်း၊ မိသားစုအပိုဝင်ငွေရရှိစေရန်လည်းကောင်း ပြုလုပ်ရောင်းချနေခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင မီးပုံးလုပ်ငန်းလုပ်ကိုင်သူ (၃) ဦးသာရှိကြောင်း သိရသည်။

မီးထွန်းအရုပ်ကလေးများ စတင်လုပ်ကိုင်လာရခြင်းမှာ ဖခင်ဖြစ်သူမှ မြေးဆော့ကစားရန် အခြားမြို့မှ ဝယ်ယူလာသော လက်တွန်းမီးပုံးကြက်ရုပ်တစ်ခုကို နမူနာယူ၍ ပြုလုပ်ခဲ့ကြောင်း၊ ထပ်မံကာမြင်ဆရာ ကြားဆရာများ၏ လမ်းညွှန်မှုဖြင့်ပြုလုပ်တတ်လာကာ ရောင်းချနိုင်သောအ‌‌ခြေအနေကိုရောက်လာခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်ကတည်းက နှစ်စဉ်ပြုလုပ်ရောင်းချလာသည်မှာ ၂၆ နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် အရုပ်မျိုးစုံ ၁၀၀၀ နီးပါးပြုလုပ်နိုင်ကြောင်း၊ စီးပွားရေး  ကြပ်တည်းနေချိန်တွင် မိသားစုအပိုဝင်ငွေများရရှိလို့ အဆင်ပြေကြောင်း၊ မိမိတို့ပြုလုပ် ရောင်းချသော အရုပ်ကလေးများဖြင့် ကလေးငယ်များ ဆော့ကစားနေတာကို မြင်ရလျှင် ဝမ်းသာကြည်နူးပီတိဖြစ်ရကြောင်း မီးပုံးနှင့် မီးထွန်းအရုပ်ကလေးများ လုပ်ကိုင်သူ မညိုညိုဝင်း က ပြောပါသည်။

ဒီနှစ်မှာတော့ မီးထွန်းအရုပ်မျိုးစုံကို တစ်ပိုင်တစ်နိုင် ရောင်းချခြင်းအပြင် စတိုးဆိုင်များကိုလည်း တင်သွင်း ရောင်းချပါတယ်၊ ယခင်နှစ်က မီးထွန်းအရုပ်တစ်ခုကို ၁၃၀၀ ကျပ်နဲ့ ရောင်းချခဲ့ပြီး ယခုကုန်ဈေးနူန်းက မြှင့်တတ်နေလို့ ၁၅၀၀ ကျပ်ရောင်းပါတယ်၊ စတိုးဆိုင်များကိုတော့ ၁၃၀၀ ကျပ်‌ဖြင့်‌ ပေးပါတယ်၊ ကြယ်မီးပုံး၊ အသဲပုံမီးပုံး၊ တရုပ်မီးပုံး မှာယူသူများကို ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်တို့ဖြင့် ရောင်းချပေးပါတယ်၊ သီထွန်းကျွတ်ကာလတွင် ကလေးငယ်များ ပျော်ရွှင်စွာ မီးထွန်းဆော့ကစားနိုင်ရန်၊ မြန်မာ့ရိုးရာ လက်မှုပညာရပ်ကို ထိန်းသိမ်းသောအားဖြင့် လည်းကောင်း၊ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက်လည်းကောင်း ပြုလုပ်ရခြင်း ဖြစ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်လည်း ပြုလုပ်ပါမည်ဟု မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ တ/မြိုသစ်(၁၃)လမ်းနေ မီးပုံးလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းနိုင်ကပြောပါသည်။

မြန်မာ့ရိုးရာ လက်မှုပညာရပ်တစ်ခုဖြစ်သော ရိုးရာမီးပုံးကလေးများနှင့် ကလေးငယ်များ ဆော့ကစားနိုင်သည့် လက်တွန်းမီးထွန်းရုပ်ကလေးများကို နှစ်စဉ်သီတင်းကျွတ်လတွင် ပြုလုပ်ရောင်းချသူများနှင့် စိတ်ဝင်တစား မှာယူသူများပြားလျက်ရှိနေသည်ကို တွေ့မြင်ရသလို မင်းလှမြို့နယ်အတွင်းမှ မီးပုံးနှင့်မီးထွန်းအရုပ်ကလေးများကို ပြုလုပ်ရောင်းချသူများ၏ စိတ်ထား၊ အမူအကျင့်ကောင်းများကို တွေ့မြင်ရသဖြင့် လေးစားဂုဏ်ယူမိပြီး ဝမ်းသာကြည်နူး မိပါသည်။

ပေါက်စ(မင်းလှ)