လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေးနှိုးဆော်

လေးမျက်နှာ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှု အနေဖြင့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့်သာ‌ ရောင်းချကြရန် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်‌လျက်ရှိ‌‌ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ဆင့်ပွားကူးစက်မှု ခံနေရသူများထဲတွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက်ခံရသူများပါဝင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့်

လေးမျက်နှာမြို့နယ် နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အိမ်ဆိုင်၊ လမ်းဘေး ဈေးဆိုင်များအား စက်တင်ဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း စားသုံးသူများ ဝင်ရောက်စားသုံးရန်အတွက် ဆိုင်တည်းခင်း ရောင်းချခြင်းမပြုဘဲ ဆိုင်ဝင်ပေါက်တွင် အတားအဆီးထားရှိ၍ ပါဆယ်(Take-Away) စနစ်ဖြင့်သာ ရောင်းချသွားရန်၊ ထိုသို့ရောင်းချရာတွင် Mask တပ်ဆင်ရန်၊ လက်အိတ်များဝတ်ဆင်၍ ရောင်းချသွားရန် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ညွှန်ကြားထား ခြင်းကြောင့် မြို့နယ်ကြက်‌ခြေနီ သူနာပြုတပ်ဖွဲ့အနေဖြင့် မြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များကို ယခုလ ၁၅ ရက် နေ့မှစတင်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဉာဏ်ဝင်းပိုင်က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့် ယမန်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ် (Take-Away) စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေးခဲ့ပြီး ချမှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)