ဇလွန် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ် နိုင်ရေးတို့အတွက် နေ့ / ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်အတွင်းသို့ ဝင်/ထွက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများကို ခရီးသွားထောက်ခံချက်၊ ကျန်းမာရေး ထောက်ခံချက် ပါရှိမှုများစစ်မေးခြင်း၊ ခိုင်လုံသော အထောက်အထား ထောက်ခံချက်များ မပါရှိပါကလာသည့် နေရပ်သို့ ပြန်လည် စေလွှတ်ခြင်းများအပြင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင် သွားလာစေရေးတို့ကို စစ်ဆေး အသိပညာပေး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)