ကော့ကရိတ် စက်တင်ဘာ ၂၃
ကျောင်းသား/သူလေးများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ကျောင်းသူ/သားများစာဖတ်သည့်အလေ့အကျင့်ရရှိလာစေရန် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်း ပြောကြားသည်။
ထိုနောက်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စက္ကူဖြင့်ပန်းခေါက်ပြိုင်ပွဲနှင့် ဘောလုံးမှုတ်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသူ/သား စုစုပေါင်း (၂၅) ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)