ကွင်းကောက်မြို့တွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမှုနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်း ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေး

အင်္ဂပူ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသောဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချူပ် ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊‌ ငွေသာစည်ဈေးတွင် ပြည်သူ များအား အခြေခံစားသုံးကုန်စည်များ ရောင်းချပေးခဲ့သည်။

အဆိုပါ စားသုံးကုန်များရောင်းချရာသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့မှ စျေးရောင်း၊ စျေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်ဖြင့် ဆန်(၁၀)အိတ်၊ ကြက်ဥ ၃ လုံး ၅၀၀ ကျပ်နှုန်းဖြင့် ကြက်ဥ(၁၀၀၀)လုံး၊ စားသုံးဆီ (၁၁၆) ပိဿာ၊ ဟင်းသီး၊ ဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆောင်သော အဖွဲ့သည် ကွင်းကောက်(မြောက်) အုပ်စု၊ တလုတ်ကုန်းရွာ၊ ဓမ္မာရုံးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွင်းကောက် (တောင်)အုပ်စု၊ ရွာသစ်ကုန်းရွာ၊ ခတ္တာလမ်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ် ကာလ အတွင်း ပြီးစီးရေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းကောက်(မြောက်) အုပ်စု၊ တလုတ်ကုန်းရွာ၊ ဓမ္မာရုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို အင်္ဂပူ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၆.၀၈၀) သန်းဖြင့် အလျား ၃၁၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်လမ်းကိုလည်းကောင်း၊ ကွင်းကောက် (တောင်)အုပ်စု၊ ရွာသစ်ကုန်းရွာ၊ ခတ္တာလမ်း ကွန်ကရစ်လမ်းခင်းခြင်း အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ(၉.၈၁၀)သန်းဖြင့် အလျား ၅၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်လမ်းတို့ကို ထွန်းလသာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)