ပခုက္ကူ စက်တင်ဘာ ၂၃
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ အိုမီခရွန်မျိုးဗီဇပြောင်း BA-4, BA-5 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လူသွားလူလာများပြားသည့် လမ်းဆုံနေရာတို့တွင် ဆောင်ရွက်ကြသည်။
အဆိုပါလုပ်ငန်းကို ပခုက္ကူမြို့နယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၏ဦးဆောင်မှုဖြင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ပခုက္ကူမြို့၊ လူသွားလူလာများပြားသည့် မြို့မလမ်းနှင့် ထင်းတန်းလမ်းဆုံ၊ မြိုင်လမ်းနှင့်မြို့ရှောင်လမ်းဆုံနေရာတို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန်၊ လူတစ်ဦးတစ်ယောက်ချင်းစီအလိုက် ကျန်းမာရေးအသိစိတ်များဖြင့် ရောဂါ ကူးစက်မှုမရှိစေရေး သတိပြုနေထိုင်ကြရန်၊ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်တို့ကို ဈေးရောင်းဈေးဝယ် ပြည်သူများအား Hand Speakerဖြင့် အသိပညာပေးပြောကြားခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)