လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြို့သစ် စက်တင်ဘာ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံမှ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ဓာတ်အားပြတ်တောက်ခြင်း လျော့နည်းစေရန် Breaker အသစ်လဲလှယ်တပ်ဆင် ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်နေ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက်  ၄၀၀ ဗို့ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော Feeder မှ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးအတွက် Breaker  အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို စစ်ဆေးထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြသည်။

မြို့သစ်မြို့နယ်တွင် ၁၁ကေဗွီလိုင်းမိုင် (၁၅၃) မိုင်ကျော်ရှိပြီး ဖီဒါအနေဖြင့် မြို့သစ်ဖီဒါ၁ခုထဲတွင် စုပြုံသုံးတဲ့အခါ ယခုလိုဝန်အားလျော့ကနေ ပြန်လာတဲ့အခါ over load (ဝန် အားပိုမိုသုံးစွဲမှု) ဖြစ်တဲ့အတွက် မြို့ပေါ်ကို အရင်ပေး၊ ၁နာရီလောက်ခြားမှ ကျေးရွာကို မီးပြန်ပေးခြင်း လုပ်ငန်းဆောင်ရွက်ရကြောင်း၊ ယခုလိုဆောင်ရွက်ရတာကလည်း ဖီဒါ၁ခုထဲအပေါ်သုံးစွဲနေရတဲ့အတွက်ဖြစ်ကြောင်း ၊ ၂၀၂၁-၂၀၂၂ ဘတ်ဂျတ်တွင် မြို့သစ်ဖီဒါ အား ဖီဒါအသစ်ခွဲထွက်နိုင်ရေးအတွက် ၁၁ကေဗွီလိုင်း (၃)မိုင်အား SAC ဖြင့် တည် ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ အကျိုးကျေးဇူးကတော့ ယခင်လို ဝန်အားလျော့ကနေ မီးပြန်လာရင် ကျေးရွာများအား (၁)နာရီနောက်ကျပြီးမှ မီးတင်ပေးတာမျိုးမရှိတော့ကြောင်း၊ ထို့အတူ မြို့ပေါ်ကပြည်သူများလည်း ကျေးရွာဖီဒါကြောင့် လိုင်းအပြစ်ဖြစ်ခဲ့သော်လည်း မြို့ပေါ်တွင်မီးပျက်မှာ မဟုတ်တော့ကြောင်း၊ ပြောချင်တာကတော့ သူ့လိုင်းနဲ့သူဖြစ်သွားတယ်ဆိုတဲ့သဘောဖြစ်ပါကြောင်း၊ ဌာနဝန်ထမ်းများလည်း ယခင်ကကဲ့သို့ ကျေးရွာလိုင်း ခွာလိုက်၊ ပြန်ကပ်လိုက်နဲ့ လုပ်စရာမလိုတော့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး တာဝန်ခံ တစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ ဆက်)