­­­­မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀) ကျော်အား စားသောက်ကုန်များထောက်ပံ့

မင်းဘူး စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၀)ကျော်အတွက် အခြေခံစားသောက်ကုန် (၆)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုလက်ရှိကာလတွင် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး မင်းဘူးမြို့ရှိ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အိမ်ထောင်စု ပေါင်း ၁၃၅၀ အတွက် စုပေါင်းလှူဒါန်းပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်ကြီး (၄)ခုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု ၅၀၀ စာ၊ စေတနာရှင် အလှူရှင်များမှ အိမ်ထောင်စု ၈၅၀ စာ၊ စုစုပေါင်း အိမ်ထောင်စု ၁၃၅၀ အတွက် တစ်အိမ်ထောင်လျှင် ဆန် တစ်ပြည်၊ ဆီ ၃၀ ကျပ်သား၊ ဆား ၅၀ ကျပ်သားတစ်ထုပ်၊ ကုလားပဲခြမ်း နှစ်ဗူး၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ခေါက်ဆွဲခြောက် တစ်ထုပ်နှင့် နှာခေါင်းစည်း Mask ၁၀ ခုနှုန်းဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များနှင့် တာဝန်ရှိသူများက တက်ရောက် လှူဒါန်းပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုနှင့် ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးနှံဆောင်ရွက် ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)