ကျောက်ကြီးမြို့နယ်၌ တိုက်ပွဲရှောင်လာရောက်နေသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ကျောက်ကြီး   စက်တင်ဘာ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင်လာရောက်နေသူများအား ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးရပ်ကွက်၊ မြို့တွင်းဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံနှင့် သိမ်တန်းရပ်ကွက်က သစ်ဝိုင်းဓမ္မရိပ်သာဓမ္မာရုံတို့တွင် စုရပ်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြစ်သည်။ အဆိုပါပူးပေါင်းအဖွဲ့မှ  ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင် လာရောက်တည်းခိုနေထိုင်ကြသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးမထိုးရသေးသူများအား ကာကွယ်ဆေးများထိုနှံပေးခြင်း၊ နှာခေါင်းစည်း (mask) အခမဲ့ဖြန့်ဝေပေးခြင်း၊ ငှက်ဖျားပိုးစစ်ဆေးပေးခြင်းနှင့် အထွေထွေရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည်။

ယခုကဲ့သို့မြို့နယ်တာဝန်ရှိအကြီးကဲများအနေဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးမှုကို တိုက်ပွဲရှောင်ပြည်သူများမှ ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်းသိရပြီး အဆိုပါဆောင်ရွက်မှု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၁၀၀)ဦးခန့် ထိုးနှံပေးခဲ့ကြောင်းနှင့် အထွေထွေကျန်းမာရေးစောင့်ရှောက်မှု(၆၅)ဦးခန့် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်