ညောင်လေးပင်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများ ထူထောင်ရေး သင်တန်းဖွင့်လှစ်

ညောင်လေးပင် စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ကျားပိုးလောက်လန်းကင်းစင်ကျောင်းများ ထူထောင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစောဝါးလယ်ထူးမှ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှ  ကျောင်းသားလူငယ်များတွင် အေးဒီး(စ်)ခြင်ကျားမှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သွေးလွန်တုပ် ကွေးရောဂါကြောင့် သေဆုံးမှုကိုလျော့ချရန် ရည်ရွယ်ကြောင်း၊ ခြင်ကြီးကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းပေါက်ဖွားမှု ကာကွယ်နှိမ်နင်းခြင်းသည် ပိုမိုထိရောက်ကြောင်း၊ စာသင်ကျောင်းများအားလုံး ရက်သတ္တပတ်အတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသော ကျေးရွာများမှ ကျန်းမာရေးမှူးများနှင့် စာသင်ကျောင်း၂၅ ကျောင်းမှ ဆရာ၊ ဆရာမများအား ဦးစားပေး သင်တန်းပို့ချပေးခြင်းဖြစ်ပြီး ယင်း ၂၅ ကျောင်းပြီးနောက် မြို့နယ်အတွင်းကျန်ရှိနေသော ကျောင်းများအားလည်း သင်တန်းပို့ချပေးသွားရန် လျာထားကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)