ကျိုက်လတ် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသတွင်းမှ ငါးမွေးကန် လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေသက်သာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက်(၇)နာရီတွင် ကျိုက်လတ်မြို့၊ မြို့မဈေးအနီးတွင် ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ငါးမြစ်ချင်း (၁)ပိဿာလျှင် (၃၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ပြီး အိမ်ထောင်စု(၁)စုလျှင် (၁)ပိဿာနှုန်းဖြင့် စုစုပေါင်း ငါးပိဿာချိန်(၁၀၀)အား အိမ်ထောင်စု (၁၀၀)အတွက် ရောင်းချပေးခဲ့ကြောင်းနှင့် ငါးရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းတို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)