လေးမျက်နှာ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့ နံနက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကော်မတီများအား စာရင်း ဇယားများ ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ဆောင်ရွက်မည့် ကျေးရွာများကို နိုင်ငံတော်မှ ဆီထွက်သီးနှံစိုက်တောင်သူ (၁၀၀)ဦးနှင့် အထက်ရှိသော ကျေးရွာ တစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ထုတ်ချေးပေး မည်ဖြစ်ပြီး တောင်သူ ၅၀ ဦးမှ ၁၀၀ ဦးအကြားရှိ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၂၀၀)၊ တောင်သူ ၅၀ ဦး အထိရှိသော ကျေးရွာတစ်ရွာ လျှင် ကျပ်သိန်း(၁၀၀) ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါမတည်ငွေများ အား မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် အမှာစကားပြောကြား၍ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၉)ရွာမှ ကော်မတီဝင် (၃၀)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် စာရင်းဇယား ရေးသွင်းနည်းများကို ဆက်လက် သင်ကြားပို့ချခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ယခုဘဏ္ဍာနှစ်တွင် စတင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လေးမျက်နှာမြို့နယ်၌ စီမံကိန်းကျေးရွာ(၉)ရွာ ရှိပြီး ကျေးလက်နေပြည်သူ များ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့်ငွေ အရင်းအနှီးများရရှိ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)