ဖျာပုံ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစား နှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်၊ ဖျာပုံတမံ ကျေးရွာ အထကကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "လူငယ်ဘဝပညာသင်အရွယ်မှစ၍ မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး ကြိုးစားကြစေလို ကြောင်း၊ လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအ နေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ" အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ဖျာပုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက "အားကစားနှင့် အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာ ရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန် ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချစေလို ကြောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်၏အမျိုးသမီး အသက် (၁၈)နှစ်အောက် ဘောလုံးအားကစား နှင့် ပြေးခုန်ပစ်အားကစားသမားများရရှိရေး အားကစားသမား ရွေးချယ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့နောက်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဖျာပုံမြို့နယ် အားကစားမှူးက ဖျာပုံတမံကျေးရွာ အထကကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက လက်ခံရယူသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များ ပြသခြင်းနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင် စားစွာပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)