သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး(၉၀၂၅)ဦး ထိုးနှံပေးနိုင်ခဲ့

သာပေါင်း စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက် (၅)နှစ်မှ(၉)နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းဆေးထိုး သတိမှတ်နေရာများ၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
အခြေခံပညာကျောင်း သတ်မှတ်ဆေး ထိုးနေရာတို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဆရာမကြီး ဒေါ်တင်တင်ဝင်းနှင့် ကာကွယ်‌ဆေးထိုး ဆရာ၊ ဆရာမတို့က ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားကြရာ ဂျပန်ဦးနှောက် ရောင်ရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွား နိုင်ပြီး ဦးနှောက်တွင်း ရောဂါပိုးပျံ့နှံ့စေ‌သော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်း ကို ဖြစ်စေနိုင်ကြောင်း၊ ရောဂါကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှု တွေမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိပါက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်‌ကြောင်း၊ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာ‌သော လူနာများမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန် ခြင်းစတဲ့ နောက်ဆက်တွဲ ရောဂါများခံစားရနိုင် ကြောင်း၊ ရောဂါဖြစ်ပွား‌ စေသောဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့တွင် တွေ့ရပြီး ၎င်းတို့ကိုကိုက်ခဲ့သော ခြင်မှတဆင့် လူနှင့်နို့တိုက် သတ္တဝါများထံ ပြန်ကူးစက်ခြင်းဖြစ်ကြောင်းနှင့် ကျေးလက်ဒေသတွေမှာ ပိုမိုအဖြစ် များပြီး လူကလူကို တိုက်ရိုက်ကူးစက်နိုင်မှု မရှိကြောင်း အသိပညာပေးပြောကြားကြပြီး ၁၄ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၆၅၀)ဦး၊ ၁၅ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၃၇၂၇)ဦး၊ ၁၆ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၁၀၆၉)ဦး၊ ၁၉ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၁၆၂)ဦး၊ ၂၀ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၇၅၂)ဦး၊ ၂၁ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၂၄၀)ဦး၊ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၄၂၅)ဦး၊ ပေါင်း(၉၀၂၅)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိဆေး ထိုးနှံဦးရေပြည့်မီအောင် ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း