မယ်စဲ့ စက်တင်ဘာ ၂၃
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စောဝတ်ရည်က ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ တိုးပွားစေကာ မိမိတို့မြို့ရွာ ပတ်ဝန်းကျင်၌ လူကုန်ကူးမှု မခံရစေရေး မျှဝေဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့သော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းလတ်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးသန်းဇော်ဌေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြသခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)