သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျိုက်လတ်၌ သမဝါယမအသင်းသား ပဲတီစိမ်း စိုက်တောင်သူများနှင့်တွေ့ဆုံ

ကျိုက်လတ် စက်တင်ဘာ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျိုက်လတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား ပဲတီစိမ်းစိုက် တောင်သူများ နှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြ စေလိုကြောင်း၊ လယ်ယာကဏ္ဍ မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆောင်းသီးနှံ ပဲတီစိမ်းကို ဧကများများ စိုက်ပျိုးကြစေလိုကြောင်း၊ ကြွေးကင်းသော မိသားစုများ ဖြစ်စေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးစေရန် ကြိုးစားကြစေ လိုကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ သည်။ ထို့နောက် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က Contract Forming အကျိုးတူ လယ်ယာစနစ်ဖြင့် သမဝါယမအသင်းသား တောင်သူများ၏ ပဲတီစိမ်းသီးနှံများ စိုက်ပျိုးမည့် စီမံကိန်းအား ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး အတွင်း သမဝါယမအသင်းသားများက Contract Forming အကျိုးတူ လယ်ယာ စနစ်ဖြင့် ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရန် စီစဉ်လျာထားမှု အခြေအနေကို တင်ပြခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူ များက မိမိတို့ သိရှိလိုသည်များကို တင်ပြကြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပဲတီစိမ်းစိုက်မည့် တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ရီရီမြင့်