ငါးသိုင်းချောင်း စက်တင်ဘာ ၂၃
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် အခြေခံပတ်ဝန်းကျင် ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်များ လှူဒါန်းပွဲကို (အ.ထ.က) ငါးသိုင်းချောင်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဟောပြောပွဲ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပုသိမ်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာဦး၊ ဒုတိယဦးစီးမှူး ဒေါ်အေးမို့မို့သိန်းတို့က ပလတ်စတစ်က တစ်ဆင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို လည်းကောင်း၊ ပလတ်စတစ်များသည် ရေထု၊ မြေထု၊ လေထုတို့ကို ညစ်ညမ်းစေပုံ အသေးစိတ် အချက်အလက်များကို လည်းကောင်း၊ ပလတ်စတစ်အမျိုးအစား အလိုက် ဆွေးမြည့်ရန်ကြာချိန် တို့ကိုလည်းကောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် ဟောပြောခဲ့ကြပြီး ဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၄၀) ဦး တက်ရောက်လေ့လာခဲ့ကြသည်။
ဆက်လက်၍ ပုသိမ်ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပတ်ဝန်းကျင် ဆိုင်ရာဘာသာ ရပ်ဆရာများ လက်စွဲစာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးနှင့် ဆရာမများ က လက်ခံရယူခဲ့ကြသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)