ကမမောင်း စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ နံရံကပ်နှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။
နံရံကပ်စာစောင်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက် နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားသည် တရားမဝင်ကြောင်း စသည့်အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကလေး အလုပ်သမားဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများ စသည့် အချက်များ ပါဝင်သည့် နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။
တင်တင်လှ(ပြန်/ဆက်)