ကျုံပျော်မြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်

ကျုံပျော် စက်တင်ဘာ ၂၃

ယာဉ်တိုက်မှုကြောင့် နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိရာ ထိုသို့မဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  ပြည်သူ့ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက်  မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုး တပ်ဆင်ရေး၊ ဘက်မှန်၊ နံပါတ်ပြားနှင့် မော်တော်ယာဉ်တွင် ပါရှိရမည့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိကို စစ်ဆေးပြီး ယာဉ်စည်းကမ်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး စတစ်ကာများ ယာဉ်တွင် တစ်ပါတည်း ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

လက်ကမ်းစာစောင်နှင့် စတစ်ကာတို့တွင် မော်တော်ယာဉ် မောင်းနှင်သူများနှင့် ခရီးသည်များ လိုက်နာရမည့် အချက်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း ဆိုင်ရာ သိမှတ်ဖွယ်ရာများ ပြည့်စုံစွာပါရှိကြောင်း၊ စစ်တမ်းများအရ ဆိုင်ကယ်မတော်တဆမှုများတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူက ဦးထုပ်ဆောင်းသူထက် သေဆုံးမှု (၃)ဆ ပိုများ‌ကြောင်း သိရသည်။

ထို့အပြင် မြို့ရွာများအတွင်း မလိုလားအပ်သော အဖျက်အမှောက် လုပ်ငန်းများ မဖြစ်ပေါ်ရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်များအတွင်း အန္တရာယ်ရှိသော လက်နက်ခဲယမ်းများ ပါရှိမှု ရှိ/မရှိနှင့် ယူဆောင် သွားလာမှု မပြုရေးတို့ကို စစ်ဆေးပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask များ တပ်ဆင်သွား လာရန်နှင့်  Mask များ အခမဲ့ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)