တောင်ငူမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကွင်းဆင်း

တောင်ငူ စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇီးဒိုင်းကျေးရွာအုပ်စု၊ မင်းလမ်းကူးကျေးရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ မင်းလမ်းကူး-ရေပုတ်ကုန်းလမ်းနှင့် ငွေတောင်ဦး- ငှက်ပျောတော-အိုးကုန်းကြီး-ဇောတိ-ကျောင်းကုန်း-ပဲပုတ်လမ်းတို့အား ကျေးရွာချင်းဆက်လမ်းခင်းရေး၊ နေကြာသီးသန့်စိုက်ပျိုးရေးအတွက် သွင်းအားစုနှင့် နည်းပညာ-စိုက်စနစ်မှန်ကန်ရေးအတွက် တင်ပြတောင်းဆိုခြင်းများအပေါ် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက အိမ်တွင်းသုံး ဆပ်ပြာဆီပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းနှင့် ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်