ညောင်တုန်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့က ထုတ်ပြန်ထားသော အများပြည်သူများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား လှည့်လည်ကြေညာ ပေးခြင်းကို ယမန်နေ့ည ၇ နာရီက ရပ်ကွက်(၁၀)ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လှည့်လည်ကြေညာရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များ၊ တိုင်းဒေသကြီးအတွင်း မြို့နယ်ကျော်ခရီးသွားလာ ပါက ခရီးသွားထောက်ခံချက်ပါရှိစေရေး၊ မိမိနေထိုင်ရာ မြို့နယ်အတွင်း၌သာ ခရီးသွားလာမည်ဆိုပါက ခရီးသွားထောက်ခံချက် ရယူရန်မလိုကြောင်း၊ ယခုအချိန်တွင် စစ်ဆေးရေး ဂိတ်များထားရှိပြီး စစ်ဆေးကြပ် မတ်နေသည့်အချိန်အခါဖြစ်သဖြင့် မြို့နယ်တွင်း သွားလာရာတွင် ခရီးသွားထောက်ခံချက် ရယူရန်မလိုအပ်သော်လည်း စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ပြ၍ စစ်ဆေးမှုခံယူပြီး မှသာ သွားလာရမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား နံနက် (၆)နာရီမှ ည (၈)နာရီ အတွင်း၌သာ ဖွင့်လှစ် ရောင်းချ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင်လည်း ဆိုင်တွင်ထိုင်၍ စားသောက်နိုင်သည့် ရောင်းချသည့်စနစ်အစား အစားအသောက်များအား အထုပ်ဖြင့် ဝယ်ယူသွားနိုင်သော ပါဆယ်စနစ် (Take Away System) ဖြင့် ဆောင်ရွက်သွားရန် စသည့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)