မုံရွာ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ လမ်းညွှန်ဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မုံရွာမြို့ ကန်သာယာအနီး လူစည်ကားရာ လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း ခရိုင်မြို့ ၈ မြို့တွင် အဆိုပါ အသိပညာပေးပိုစတာများကို ယမန်နေ့ စိုက်ထူခဲ့ကြကြောင်းသိရသည်။
အဆိုပါမုံရွာမြို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးပိုစတာစိုက်ထူရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အသိညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင့်ဆွေနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
"စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက တိုင်းဒေသကြီးအတွင်း မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကလေး၊ မော်လိုက်၊ ခန္တီး ၊ ကန့်ဘလူနှင့် တမူးစတဲ့ ခရိုင် ၈ ခရိုင်ရှိမြို့ တွေမှာ ပြည်သူများသိရှိလေ့လာနိုင်ရန်အတွက် အသိပညာပေး ပိုစတာများကို လူစည်ကားရာနေရာများတွင် စိုက်ထူထားရှိပြီးဖြစ်ပါတယ်" ဟု အသိညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး၊ အသိညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီအနေဖြင့် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အသိပညာပေး ဟောပြောပွဲများကျင်းပခြင်း၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲများပြသခြင်း၊ ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းစသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)