ဖားဆောင်းမြို့ ရတနာစျာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကျင်းပ

ဖားဆောင်း      စက်တင်ဘာ       ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြို့သူ၊ မြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် ရတနာစျာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကို ယမန်နေ့က ကျင်းပပြုခဲ့သည်။

အဆိုပါစိန်ဖူးတော်သစ်အား တင်လှူပူဇော်ရန် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ မြို့သူ၊ မြို့သားများ၊ ရပ်ဝေးရပ်နီးအလှူရှင်များက စိန်ဖူးတော်သစ်ကိုပင့်ဆောင်ကာ ရတနာစျာန်အောင်စေတီတော်အား လက်ယာရစ်(၃)ပတ်ရစ်ပတ်ခဲ့ပြီး စိန်ဖူးတော်အား ဆရာတော်၊ သံဃာတော်များနှင့်ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက စေတီတော်တွင် တင်လှူပူဇော်ခဲ့ကြသည်။

ထို့နောက်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဦးစွာဝမ်အောင်းကယားကျေးရွာဆရာတော် မဟာဘဒ္ဓမ္မဇော်တိကဓဇမေဓါနန္ဒထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူပြီး တောင်ပေါ်ကျေးရွာဆရာတော်ဘဒ္ဒန္တဇဝနထံမှ အနူမောဒနဂါထာတော်အကျိုးတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်ပြီး ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)