ရွှေဘို စက်တင်ဘာ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ရွှေဘို-မြစ်ကြီးနားကားလမ်း ကျုံးထောင့်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ထူပွဲတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ခရိုင်အဆင့်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရွှေဘိုခရိုင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ကလေးများအား ကလေးအလုပ်သမားခိုင်းစေမှု၊ အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေး၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့်ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံပေးနေမှုကိစ္စရပ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ၂၁.၉.၂၀၂၂ရက်နေ့ကအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း၊ ဆက်လက်၍လည်း အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်