ဖျာပုံ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ဥာဏ၊စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ဖျာပုံတမံကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က “လူငယ်ဘဝပညာသင်အရွယ်မှစပြီး၊ မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး၊ ကြိုးစား ကြစေလိုကြောင်း၊ လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောက်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ” အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက “အားကစားနှင့် အနာဂတ်လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များ အနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည် ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်၏ အမျိုးသမီးအသက်(၁၈)နှစ်အောက် ဘောလုံးအားကစားနှင့် ပြေးခုန်ပစ်အားကစားသမားများ ရရှိရေးအားကစား သမားရွေးချယ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့နောက်ခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဖျာပုံမြို့နယ် အားကစားမှူးက ဖျာပုံတမံကျေးရွာ အ.ထ.က ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ် ဝင်းဝင်းသန်းက လက်ခံရယူသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်များ ပြသခြင်းနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)