ထားဝယ်မြို့ရှိ ဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ထားဝယ်  စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ ရောင်းချနေမှုကို တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍ ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့များက ထားဝယ်  မြို့နယ်ရေးလမ်းရှိ စေတနာမွန်၊ သိင်္ဂီဆွေ၊ ဇီဇဝါ၊ အောင်၊ Lucky shine ၊ ကြယ်စင်ဆေးဆိုင် (၆)ဆိုင်တွင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုရှိ/မရှိ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်၊ လိုင်စင်မဲ့များအားကြည့်ရှုစစ်ဆးပြီး online မှ တရားမဝင်ဆေးဝါးအဖြစ်ကြေညာသော အန္တရာယ်ရှိဆေးဝါးများအား မရောင်းချရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆေးဆိုင်များတွင် လာရောက်ဝယ်ယူသူများအား ဆေးဝါးဝယ်ယူရာတွင် လိုက်နာရမည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဆေးဆိုင် တစ်ဆိုင်တွင် 2°C မှ 8°C အတွင်း အပူချိန်တွင်ထားရှိရမည့် မျက်စဉ်းဆေးများအား အခန်းအပူချိန်တွင်ထားသည်ကို တွေ့ရှိရသဖြင့် မှန်ကန်သောအပူချိန်တွင်သာ သိုလှောင်သိမ်းဆည်းရန်နှင့်ကာကွယ်ဆေး၊ အင်ဆူလင်နှင့် မျက်စဉ်းစသောဆေးများအား သတ်မှတ်အပူချိန်ရှိရေခဲ သေတ္တာထဲတွင်သာ သိုလှောင်ထားပြီး ရောင်းချရန် အသိပညာပေးကာ မြန်မာဆေးဝါးမှတ်ပုံတင်မရှိသည့် Itrodex မျက်စဉ်းဆေး ၁၀ ဘူး အား သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)